Tuesday, December 27, 2011

ဇေကမ္ဘာမြန်မာအိုးပင်း လာတော့မည်.....

        ယခင်က ကျင်းပမြဲဖြစ်သော မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲသည် လာမည့်နှစ် ၂၀၁၂ တွင် ဇေ ကမ္ဘာ မြန်မာအိုးပင်း အဖြစ်ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း နိုဝင်ဘာ၁၅ရက်နေ့စွဲဖြင့် သတင်း ထုတ် ပြန်ချက်တစ်ရပ်ထွက်ပေါ်လာသည်။
        အဆိုပါဂေါက်ရိုက်ပြိုင်ပွဲသည် Asian Tour ၏ ပွဲစဉ် အစီအမံအဖြစ်ကျင်းပခြင်းဖြစ်၍ ဇေကမ္ဘာမှ Title Sponsor အဖြစ်လည်းကောင်း၊ Air Bagan မှ Presenting Sponsor အဖြစ် လည်းကောင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
           Asian Tour ၏ ၂၀၁၂ခုနှစ်ရာသီပွဲ၏ ပွဲဦးထွက်ပြိုင်ပွဲအဖြစ် Zay Kabar Myanmar Open အား အဆင့်မြင့်ရွိုင်ရယ်မင်္ဂလာဒုံဂေါက်ကလပ်တွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့မှ၅ရက်နေ့ထိ ကျင်းပ မည်ဖြစ်ပြီး ပေးအပ်မည့် ဆုကြေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ဖြစ်သည်။
      ယခုကျင်းပမည့် Asian Tour ပွဲစဉ်သို့ ဒေသတွင်းမှ နာမည်ကျော်ထိပ်တန်းဂေါက်သီးသမား အများအပြားစိတ်ပါဝင်စားစွာ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရှိရသည်။
            "တကယ်တော့ Asian Tour ဟာ PGA Tour နဲ့ European Tour ပြီးရင် ကမ္ဘာပေါ်မှာ တတိယ အကြီးဆုံးနဲ့ လူသိအထင်ရှားဆုံး Tour တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ ယခုပြိုင်ပွဲ မှာ မြန်မာဂေါက် သီးသမားတွေကိုသာမက နိုင်ငံတကာက ဂေါက်သီးသမားအများအပြားကိုပါ ယှဉ်ပြိုင်ကစားခွင့်ရအောင် စီမံပေးနေတဲ့ အဖွဲ့အစည်းပါ။ အခုလို ၂၀၁၂ခုနှစ်မှာ မြန်မာအိုးပင်းကို Asian Tour နဲ့ ပူးပေါင်းပြီး လုပ်ဆောင်ရတာ လွန်စွာအားရကျေနပ်စရာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဌ ဦးတေဇက ပြောကြားသည်။

No comments:

Post a Comment